San San Nweh: An Old Friend and A Prolific Writer (Burmese Text)

by Khet Mar    /  October 4, 2012  / No comments

စမ်းစမ်းနွဲ့ (သာယာဝတီ) : အချိန်ကိုစောင့်နေရတဲ့စာရေးဆရာ

San San Newh. Photo provided by the author.

၁၉၈၀နှောင်းပိုင်းနဲ့ ၁၉၉၀ခုနှစ်တွေအတွင်း မြန်မာနိုင်ငံတ၀ှမ်းလုံးကစာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာနဲ့
ပညာရှင်တချို့နှစ်စဉ်ဆုံတွေ့ဖြစ်ကြတဲ့လူမှုရေးပွဲတခုရှိခဲ့ပါတယ်။ အဲဒီပွဲကတော့ မန္တလေးမြို့ တောင်သမန်အင်း စောင်းကဆရာတော်ကိုပညာရဲ့ကျောင်းမှာ နှစ်စဉ်ဖေဖော်ဝါရီလ ၂၉ ရက်နေ့တိုင်း ကျင်းပတဲ့မြန်မာစာရေးဆရာ မကြီး လူထုဒေါ်အမာရဲ့မွေးနေ့ပွဲဖြစ်ပါတယ်။ နှစ်စဉ်ဒီနေ့ဒီရက်မှာ ဒီပွဲကျင်းပမယ်မှန်းသိနေသလို မြန်မာနိုင်ငံ တ၀ှမ်းကစာပေအနုပညာသမားတွေအစုံအလင်နဲ့ ဆုံဆည်းနိုင်မယ်မှန်းသိကြတဲ့အတွက် စာပေအနုပညာသမား အားလုံးလိုလိုဟာ အဲဒီပွဲကိုတက်ရောက်ဖို့စောင့်ဆိုင်းရင်ခုန်ကြလေ့ရှိပါတယ်။

  1. Tea House
  2. မြန်မာနိုင်ငံမှာ အစိုးရကချုပ်ကိုင်ထားတဲ့သတင်းစာတွေမှာဖော်ပြလေ့မရှိတဲ့အကြောင်းအရာတွေကို ပြောဆို နားထောင်ချင်ရင် ကျမတို့တတွေ လဘက်ရည်ဆိုင်ကိုသွားကြပါတယ်။ လဘက်ရည်ဆိုင်တွေဟာ သူငယ်ချင်း စာရေးဆရာတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ တခြားသောအနုပညာရှင်တွေနဲ့
    တွေ့ဆုံစကားဝိုင်းဖွဲ့ရတဲ့ နေရာဖြစ်သလို မိတ်ဆွေသစ်တွေတွေ့ရတတ်တဲ့နေရာလည်းဖြစ်ပါတယ်။ ကျမတို့တတွေဟာ လဘက်ရည် ဆိုင်တွေထဲမှာ စာအကြောင်းပေအကြောင်း နိုင်ငံရေးအကြောင်းတွေပြောကြပါတယ်။ ဒီစာမျက်နှာကလေးမှာတော့ ကျမတို့ပျော်မွေ့ခဲ့ကြတဲ့ လဘက်ရည်ဆိုင်ကစကားဝိုင်းတွေ ကိုလွမ်းဆွတ်စွာနဲ့ အဲဒီတုန်းက ပြောဖြစ်ကြ တဲ့အကြောင်းအရာတွေထဲကတချို့ကို တင်ပြကြည့်ဖို့ကြိုးစားခဲ့ပါတယ်။
  3. ခက်မာဟာ မြန်မာနိုင်ငံက စာရေးဆရာ၊ သတင်းစာဆရာ၊ ကဗျာနဲ့အက်ဆေးရေးသူတဦးဖြစ်ပါတယ်။ “နှင်းရိုင်းကြွေတဲ့ည” အမည်ရှိ လုံးချင်းဝတ္တုတအုပ်နဲ့ ၀တ္တုတိုပေါင်းချုပ် ၃အုပ်၊ အက်ဆေးပေါင်းချုပ် ၁ အုပ်ေ၇းသားထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ ခက်မာရဲ့ဝတ္တုတိုနဲ့ ကဗျာတချို့ကို အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာနဲ့ စပိန် ဘာသာပြန်ဆိုခြင်းခံခဲ့ရသလို ရေဒီယိုဇာတ်လမ်းများ၊ ဇာတ်လမ်းတိုရုပ်ရှင်များအဖြစ်အသုံးပြုခြင်းခံခဲ့ရပါတယ်။ ခက်မာဟာ ခိုလှုံရာဗိမာန် “City of Asylum/Pittsburgh” ရဲ့ ယာယီနေထိုင်ခွင့်ရစာရေးဆရာဟောင်းတဦးလည်းဖြစ်ပါတယ်။

၁၉၉၃ နိုဝင်ဘာလလည်လောက်မှာ ကျမတို့စာရေးဆရာမတသိုက်ရန်ကုန်မြို့လည်မှာရှိတဲ့မဂ္ဂဇင်းတိုက်တချို့ကို အုပ်စုလိုက်ချီတက်သွားကြပါတယ်။ ဒေါ်အမာရဲ့မွေးနေ့ပွဲကိုသွားဖို့ စုဝေးတိုင်ပင်ပြီး ခရီးစရိတ်ရန်ပုံငွေရှာနေ ကြတာပါ။ ကျမတို့အုပ်စုကိုဦးဆောင်သူကတော့ ဒေါ်စမ်းစမ်းနွဲ့(သာယာဝတီ)ဖြစ်ပါတယ်။ အယ်ဒီတာတွေနဲ့ တွေ့၊ ကျမတို့ရဲ့အစီအစဉ်ကိုပြောပြပြီး ခရီးစရိတ်အပါအ၀င်ကုန်ကျစရိတ်အားလုံးအတွက် တတ်နိုင်သ၍ထည့် ၀င်ကြဖို့အလှုခံကြပါတယ်။ အယ်ဒီတာတွေကလည်း ကျမတို့စာရေးဆရာမတသိုက်တက်ကြွပျော်ရွှင်နေတာကို ကြည့်ပြီး သူတို့ပါစိတ်လှုပ်ရှားလာသလို လိုလိုလားလားအလှုငွေထည့်ကြပါတယ်။

၁၉၉၃ ခုနှစ် နိုဝင်ဘာ၂၇ရက်နေ့မှာတော့ ကျမတို့တတွေအထုတ်အပိုးကိုယ်စီနဲ့ ရန်ကုန်ဘူတာကြီးမှာဆုံဆည်း ကြပါတော့တယ်။ ရထားထွက်ဖို့အချိန်နီးလာသလိုလူတွေလည်းစုံလာပါပြီ။ ရထားထွက်ဖို့ နာရီဝက်လောက် အလိုမှာတော့ ကျမတို့ရဲ့သူငယ်ချင်းတယောက် သတင်းဆိုးတခုနဲ့ဘူတာကိုရောက်လာခဲ့ပါတယ်။

“ အန်တီစမ်းစမ်းနွဲ့ကို ဒီမနက်ကတည်းက ထောက်လှမ်းရေးကလာခေါ်သွားတယ်။ ထုံးစံအတိုင်းဘယ်နှစ်ရက် ထိမ်းသိမ်းထားမှာလဲ၊ တရားစွဲပြီးထောင်ချမှာလားမသိရဘူး” တဲ့။

ကျမတို့ရဲ့ပျော်ရွှင်တက်ကြွမှုတွေကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပါတော့တယ်။အန်တီစမ်းစမ်းနွဲ့အတွက် ၀မ်းနည်းစိတ်မကောင်းဖြစ်ရပြီး သတင်းဆိုးနဲ့စခဲ့တဲ့ခရီးစဉ်အတွက် မျှော်လင့်ခဲ့သလိုပျော်ရွှင်ရတော့မှာမဟုတ် ဘူးဆိုပြီး စိတ်ထင့်လေးခဲ့ပါတယ်။

စက်တင်ဘာလလယ်မှာ အန်တီစမ်းဆီကျမဖုန်းဆက်တော့ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်းနဲ့ အန်တီစမ်း မလိုက်နိုင်ခဲ့တဲ့ မန္တလေးခရီးစဉ်အကြောင်းရောက်သွားပါတယ်။

“ အန်တီကလည်း အဲဒီပွဲကိုတော်တော်အားခဲထားတာသမီးရဲ့။ အဲဒီမနက်ကထောက်လှမ်းရေးတွေကလာခေါ် တော့ စိတ်ဓါတ်ကိုကျသွားတာပဲ။ အဲဒီအခေါက်ဟာ ၉ကြိမ်မြောက်ထောက်လှမ်းရေးကလာခေါ်ပြီး မေးမြန်းတဲ့ အခေါက်ပဲ” လို့ ပြောပါတယ်။ ကျမတို့ဖုန်းဆက်တဲ့အချိန်မှာ ရယ်မောရင်းပြန်ပြောနိုင်ကြပေမယ့် တကယ်ရင် ဆိုင်ခဲ့ရချိန်တုန်းကတော့ ဒေါသနဲ့ စိတ်မကောင်းဖြစ်ခဲ့ရတာပါ။

* * *
ဒေါ်စမ်းစမ်းနွဲ့ဟာ အသက် ၁၅နှစ်အရွယ်ကတည်းက ပြည်တွင်းသတင်းစာ ၃စောင်ရဲ့ဒေသခံသတင်းထောက် လုပ်လာခဲ့တာဖြစ်ပါတယ်။ ဂီတပဒေသာနဲ့ အိမ်မက်ဖူးမဂ္ဂဇင်းတွေရဲ့အယ်ဒီတာတာဝန်ကိုလည်းယူခဲ့ပါသေး တယ်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ငန်းစဉ်တွေမှာလည်း တတ်သိပညာရှင်တဦးအနေနဲ့ တက်တက်ကြွကြွပါဝင်လုပ်ကိုင်ခဲ့ပါတယ်။

၁၉၉၄ ခုနှစ်အောက်တိုဘာလမှာ နိုင်ငံတော်ဂုဏ်သိက္ခာထိခိုက်စေတဲ့ သတင်းအချက်အလက်များရေးသား ထုတ်ဝေမှုနဲ့ထောင်ဒါဏ် ၇နှစ်၊ ပြင်သစ်သတင်းထောက်တွေကို သတင်းအချက်အလက်တွေပေးမှု ကုလသမဂ္ဂ ရဲ့အထူးသတင်းထောက်ကို မြန်မာနိုင်ငံကလူ့အခွင့်အရေးချိုးဖောက်ခံနေရမှုအခြေအနေတွေတင်ပြမှု စတာ တွေအတွက် ထောင်ဒါဏ် ၃နှစ်၊ စုစုပေါင်း ထောင် ၁၀နှစ်ချမှတ်ခံခဲ့ရပါတယ်။

ရန်ကုန်မြို့ကအင်းစိန်အကျဉ်းထောင်မှာနေရစဉ်အတွင်း စစ်ကြောရေးကာလမှာခံစားခဲ့ရတဲ့ဒါဏ်တွေနဲ့ ထောင် ရဲ့ညံ့ဖျင်းတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကြောင့်ဒေါ်စမ်းစမ်းနွဲ့ဟာ အသည်းရောဂါနဲ့မျက်စိဝေဒနာတွေကို ခံစားခဲ့ရပါတယ်။ ခင်ပွန်းဖြစ်သူက သူမပထမအကြိမ်ထိမ်းသိမ်းခံရပြီးနောက်ပိုင်းမှာကွယ်လွန်ခဲ့သလို သမီး အကြီးဆုံးကလည်း သူမလိုပဲထောင်သွင်းအကျဉ်းကျခံခဲ့ရတာကြောင့် မိခင်ဖြစ်သူတဦးသာသူမကိုစောင့်ရှောက် တွေ့ဆုံနိုင်ဖြစ်ခဲ့ပါတယ်။

၁၉၇၄ ခုနှစ်ကစပြီး ဒီကနေ့အထိလုံးချင်းဝတ္တု ၁၂ အုပ်၊ ၀တ္တုတိုနဲ့ မဂ္ဂဇင်းဝတ္တုရျည်ပေါင်း ၅၀၀ကျော်၊ ကဗျာ အပုဒ်ရေ ၁၀၀ ၀န်းကျင်ရေးသားခဲ့ပြီးဖြစ်တဲ့ ဒေါ်စမ်းစမ်းနွဲ့ရဲ့ဂုဏ်သတင်းဟာ ပြည်တွင်းမှာမက ပြည်ပအထိပါ ရောက်ရှိပါတယ်။ ဒေါ်စမ်းစမ်းနွဲ့ရဲ့လူ့အခွင့်အရေး၊ လွတ်လပ်စွာထုတ်ဖော်ခွင့်ရရှိရေးဆောင်ရွက်မှုတွေကြောင့် ထောင်ထဲမှာရှိနေ စဉ် ၁၉၉၉ မှာ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ကပေးအပ်တဲ့ဆုကိုရရှိခဲ့သလို ၂၀၀၁ ခုနှစ်မှာတော့ မြန်မာသတင်းစာဆရာကြီးဦးဝင်းတင်နဲ့ပူးတွဲပြီး လွတ်လပ်ရေးရွှေကလောင်ဆုကိုရရှိခဲ့ပါတယ်။

လောလောဆယ်မှာ ဒေါ်စမ်းစမ်းနွဲ့က ရေးပြီးသားလုံးချင်းဝတ္တုရှည်ကြီးတပုဒ်ကို ကိုယ့်ဘာသာပြန်တည်းဖြတ် နေပါတယ်တဲ့။ ၁၉၆၀ ခုနှစ်လောက်ကစပြီးဒီကနေ့ကာလအထိသမိုင်းကိုနောက်ခံရေးထားတဲ့အတွက် ဇာတ် ကောင်တချို့ဟာသက်ရှိထင်ရှားရှိနေသေးပါတယ်တဲ့။ ဖြစ်ရပ်မှန်တွေကိုအခြေခံရေးထားတာဖြစ်တဲ့ အတွက် ပုံနှိပ်ထုတ်ဝေဖို့ သင့်တော်တဲ့အချိန်ကိုစောင့်နေပါတယ်လို့ပြောပါတယ်။

ကျမအသက်ရှင်ဖြတ်သန်းခဲ့ရတဲ့ ၁၉၆၀ ကနေလက်ရှိကာလအထိသမိုင်းနောက်ခံဝတ္တုကြီးကို ကျမဖတ်ချင်လှ ပါတယ်။ ကျမကိုယ်တိုင်လည်းရေးခဲ့ဖူးတဲ့ဝတ္တုတချို့မှာ ထည့်သွင်းခဲ့တဲ့သက်ရှိဇာတ်ကောင်တချို့ကြောင့် ပုံနှိပ် ဖို့အချိန်ကိုစောင့်ခဲ့ရတာမျိုးရှိပါတယ်။ ဒေါ်စမ်းစမ်းနွဲ့နဲ့စကားပြောပြီးကျမဆက်တွေးခဲ့မိတာကတော့ တခြားနိုင်ငံ တွေကစာရေးဆရာတွေရော ကျမတို့လို သက်ရှိဇာတ်ကောင်တွေကိုဝတ္တုထဲထည့်ရေးမိလို့ ပုံနှိပ်ထုတ်ဝေမယ့် အချိန်ကိုစောင့်ရတာမျိုးရှိသလားလို့ပါ။ ကျမတို့မြန်မာနိုင်ငံမှာတော့ အဲဒီလိုစောင့်နေရတဲ့စာရေးဆရာမျိုးတွေ ခုချိန်ထိရှိနေသေးလို့ပါပဲ။

About the Author

Khet Mar is a staff writer at Sampsonia Way. A former writer-in-residence at City of Asylum/Pittsburgh, Khet Mar is a journalist, novelist, short story writer, poet, and essayist from Burma. She is the author of one novel, Wild Snowy Night, as well as several collections of short stories, essays and poems. Her work has been translated into English and Japanese, been broadcast on radio, and made into a film. In the fall of 2007, Mar was a visiting fellow at the International Writing Program at the University of Iowa.

View all articles by Khet Mar

Leave a Comment

comm comm comm