Min Ko Naing: An Artist in Politics (Burmese Text)

by Khet Mar    /  October 18, 2012  / No comments

မင်းကိုနိုင်

Min Ko Naing in 2004 With Other Dissidents

Min Ko Naing (left) with fellow Burmese political prisoners in 2004. Photo: Burma Democratic Concern. Creative Commons

မင်းကိုနိုင်ဆိုတဲ့နံမည်ကြားလိုက်တာနဲ့ လူတိုင်းက မြန်မာ့ဒီမိုကရေစီအရေးအတွက် သူ့ဘ၀သက်တမ်း ၄၀ ကျော်ကျော်မှာ နှစ် ၂၀နီးပါးထောင်ထဲမှာနေခဲ့ရသူနိုင်ငံရေးသမားဆိုပြီးသိကြပါတယ်။ တကယ်လည်း သူဟာ ပြည်သူလူထုအရေး၊ နိုင်ငံ့အရေးအတွက်ကိုသာခေါင်းထဲထည့်ထားသူ နိုင်ငံရေးသမားစစ်ပါပဲ။ ကျမကတော့ သူ့ကိုနိုင်ငံအရေးအားသွန်ခွန်စိုက်လုပ်နေတဲ့ အနုပညာသမားလို့ ခံစားမိပါတယ်။

၁၉၈၈ အရေးတော်ပုံကြီးဟာ မြန်မာနိုင်ငံရဲ့သမိုင်းကိုတဆစ်ချိုးလှည့်ပြောင်းစေခဲ့သလို ထောင်ပေါင်းများစွာ သောတက္ကသိုလ်ကျောင်းသားတွေရဲ့ဘ၀နဲ့အတူ မင်းကိုနိုင်ရဲ့ဘ၀ကိုလည်းပြောင်းလဲစေခဲ့ပါတယ်။ မင်းကိုနိုင် ဟာ ၁၉၈၈ အရေးတော်ပုံကာလအတွင်းမှာ သမိုင်းအစဉ်အလာရှိခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂကိုဦးဆောင်ဖွဲ့စည်းပြီး ဥက္ကဌတာဝန်ယူခဲ့ပါတယ်။ ပြင်းပြတဲ့ယုံကြည်ချက်နဲ့ စစ်အစိုးရဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးတွေဆောင်ရွက်ခဲ့တာကြောင့် အသက် ၂၆ နှစ်အရွယ်တက္ကသိုလ်ကျောင်း သားဘ၀ ၁၉၈၉မှာ မှာ ထောင်ဒါဏ် နှစ် ၂၀ကျခံခဲ့ရပြီး ထောင်ထဲမှာ ၁၅နှစ်နေအပြီး ၂၀၀၄ ခုနှစ်မှာ နိုင်ငံ တော်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကပထမအကြိမ်လွတ်မြောက်ပါတယ်။ ၂၀၀၆ ခုနှစ်စက်တင်ဘာကနေ ၂၀၀၇ ဇန်န၀ါရီလအထိ ဘာအကြောင်းပြချက်မှမပေးပဲ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပြန်ပါတယ်။ ဒုတိယအကြိမ် ထောင်ကလွတ်ပြီး ၇ လအကြာ ၂၀၀၇ သြဂုတ်လမှာ ငြိမ်းချမ်းစွာလမ်းလျှောက်ဆန္ဒပြမှုနဲ့ တတိယအကြိမ် ဖမ်းဆီးခံရပြီး ထောင်ဒါဏ် ၆၅ နှစ်ကျခံခဲ့ရပါတယ်။

  1. Tea House
  2. မြန်မာနိုင်ငံမှာ အစိုးရကချုပ်ကိုင်ထားတဲ့သတင်းစာတွေမှာဖော်ပြလေ့မရှိတဲ့အကြောင်းအရာတွေကို ပြောဆို နားထောင်ချင်ရင် ကျမတို့တတွေ လဘက်ရည်ဆိုင်ကိုသွားကြပါတယ်။ လဘက်ရည်ဆိုင်တွေဟာ သူငယ်ချင်း စာရေးဆရာတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ တခြားသောအနုပညာရှင်တွေနဲ့
    တွေ့ဆုံစကားဝိုင်းဖွဲ့ရတဲ့ နေရာဖြစ်သလို မိတ်ဆွေသစ်တွေတွေ့ရတတ်တဲ့နေရာလည်းဖြစ်ပါတယ်။ ကျမတို့တတွေဟာ လဘက်ရည် ဆိုင်တွေထဲမှာ စာအကြောင်းပေအကြောင်း နိုင်ငံရေးအကြောင်းတွေပြောကြပါတယ်။ ဒီစာမျက်နှာကလေးမှာတော့ ကျမတို့ပျော်မွေ့ခဲ့ကြတဲ့ လဘက်ရည်ဆိုင်ကစကားဝိုင်းတွေ ကိုလွမ်းဆွတ်စွာနဲ့ အဲဒီတုန်းက ပြောဖြစ်ကြ တဲ့အကြောင်းအရာတွေထဲကတချို့ကို တင်ပြကြည့်ဖို့ကြိုးစားခဲ့ပါတယ်။
  3. ခက်မာဟာ မြန်မာနိုင်ငံက စာရေးဆရာ၊ သတင်းစာဆရာ၊ ကဗျာနဲ့အက်ဆေးရေးသူတဦးဖြစ်ပါတယ်။ “နှင်းရိုင်းကြွေတဲ့ည” အမည်ရှိ လုံးချင်းဝတ္တုတအုပ်နဲ့ ၀တ္တုတိုပေါင်းချုပ် ၃အုပ်၊ အက်ဆေးပေါင်းချုပ် ၁ အုပ်ေ၇းသားထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ ခက်မာရဲ့ဝတ္တုတိုနဲ့ ကဗျာတချို့ကို အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာနဲ့ စပိန် ဘာသာပြန်ဆိုခြင်းခံခဲ့ရသလို ရေဒီယိုဇာတ်လမ်းများ၊ ဇာတ်လမ်းတိုရုပ်ရှင်များအဖြစ်အသုံးပြုခြင်းခံခဲ့ရပါတယ်။ ခက်မာဟာ ခိုလှုံရာဗိမာန် “City of Asylum/Pittsburgh” ရဲ့ ယာယီနေထိုင်ခွင့်ရစာရေးဆရာဟောင်းတဦးလည်းဖြစ်ပါတယ်။

သူထောင်ကျနေစဉ်ကာလတွေအတွင်း နိုင်ငံတကာကပေးအပ်တဲ့ဆုပေါင်းများစွာရခဲ့ပါတယ်။ အဲဒါတွေကတော့ ၂၀၀၉ ခုနှစ်မှာ တောင်ကိုးရီးယားနိုင်ငံအခြေစိုက်လူ့အခွင့်အရေးအဖွဲ့ကပေးတဲ့ Gwangju Prize for Human Rights ဆု၊ နယူးယောက်အခြေစိုက် The Train Foundation ကပေးအပ်တဲ့ Civil Courage Prize. ချက် နိုင်ငံကပေးအပ်တဲ့ Homo Homini Award ဆု၊ ၂၀၀၁ ခုနှစ် ငြိမ်းချမ်းရေးကျောင်းသား Student Peace Prize ဆုနဲ့ ၁၉၉၉ ခုနှစ်မှာရခဲ့တဲ့ John Humphrey Freedom Award ဆုတို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတိုင်းသိတဲ့မင်းကိုနိုင်ကို ကျမလည်းသိပေမယ့် ၂၀၀၀ ကျော်နှစ်တွေထိကျမလူချင်းမရင်းနှီးခဲ့ ပါဘူး။ ကျမနဲ့ရင်းနှီးတာက သူ့အဖေပန်းချီဦးသက်ညွှန့်နဲ့ပါ။ သူပထမအကြိမ်ထောင်ဒါဏ် အနှစ် ၂၀ကျခံနေရ ချိန်အတွင်း ကျမသူ့မိသားစုရှိရာဆီ မကြာခနရောက်ပါတယ်။ သူ့သတင်းမေး၊ မိသားစုနဲ့စကားစမြည်ပြောရင်း အဲဒီကာလကကျမတို့ထုတ်ဝေနေတဲ့မိုးဂျာနယ်နဲ့ တခြားသောစာအုပ်တွေ သူထောင်ထဲမှာဖတ်ဖို့ သူ့မိသားစုက တဆင့် လစဉ်လိုပို့ပေးဖြစ်ပါတယ်။ အဲဒီကာလတွေမှာ သူ့မိသားစုကတဆင့် သူစာပေ၊ ပန်းချီနဲ့ ဂီတအနုပညာ ရပ်တွေမှာဝါသနာကြီးပုံကို မကြာခနကြားခဲ့ရပါတယ်။ တခါတလေဆို သူထောင်ထဲမှာစပ်တဲ့ မြန်မာသံသီချင်း စာသားတွေကိုတောင်ဖတ်ခွင့်ရတတ်ပါတယ်။

၂၀၀၄ ခုနှစ်သူထောင်ကလွတ်လာတော့ သူနဲ့ကျမ ပန်းချီပြပွဲတခုမှာလူချင်းစပြီးဆုံတွေ့ခဲ့ကြပါတယ်။ သူငယ် ချင်းတဦးက ‘ဒါ.ခက်မာပါ’လို့မိတ်ဆက်ပေးလိုက်တယ်ဆို သူက ကျမလက်ကိုဆွဲကိုင်လှုပ်ယမ်းပြီး အားရပါးရ ပြောပါတယ်။

“ ဟာ… ခက်မာ။ ခင်ဗျားပို့ပေးတဲ့စာအုပ်တွေအတွက်ကျေးဇူးတင်တယ်ဗျာ။ ကွန်တော်တို့လို ထောင်ထဲနှစ်ရှည် လများနေရတဲ့ သူတွေအတွက် စာအုပ်တွေဟာအင်မတန်တန်ဖိုးကြီးပါတယ်”

၂၀၀၄ ခုနှစ်မှာစတင်ခင်မင်ပြီးကတည်းက ကျမတို့စာပေနဲ့ပတ်သက်တဲ့ပွဲတွေ၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ပွဲတွေမှာ မကြာခနဆုံတွေ့ကြပါတယ်။ ကျမမှတ်မိသလောက်တော့ ကျမတို့ဆုံတွေ့ကြချိန်မှာ စာပေ၊ ကဗျာနဲ့ပတ်သက် ပြီး သူလုပ်ချင်တာတွေ၊ သူဖန်တီးဖြစ်တာတွေ၊ စာပေအနုပညာကိုအင်မတန်စိတ်ဝင်စားသော်လည်း သူဟာ မင်းကိုနိုင်ဖြစ်နေတာကြောင့် သူဖန်တီးတဲ့စာတွေကို ပုံနှိပ်စာလုံးတွေကတဆင့် စာဖတ်သူတွေဆီတရားဝင် ချပြ ခွင့်မရတဲ့အကြောင်းတွေပဲ ပြောဖြစ်ခဲ့ကြတာများပါတယ်။ သူနဲ့ အပြင်မှာတွေ့ဖြစ်တာများပေမယ့် ရှားရှားပါးပါး သူ့အိမ်ရောက်ဖြစ်တဲ့အခါတွေမှာတော့ သူဆွဲထားတဲ့ပန်းချီကားတွေကိုကြည့်ခွင့်ရတတ်ပါတယ်။

၂၀၀၇ မှာ တတိယအကြိမ်သူထောင်ကျပြီး ကျမက ၂၀၀၉ မှာ အမေရိကားကိုထွက်လာတာကြောင့်သူနဲ့ မတွေ့ ဖြစ်တော့ပါဘူး။ ၂၀၀၉ သြဂုတ်လမှာ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်းက သူရေးတဲ့ “နောက်ကြည့်မှန်” လုံးချင်းဝတ္တုကို ထိုင်းနိုင်ငံမှာထုတ်ဝေပါတယ်။ သူ့စာအုပ်ကိုဖတ်ပြီး ကျမ ၀မ်းသာရ၊ မျက်ရည်ဝဲခဲ့ရသလို သူဟာစာရေးဆရာတယောက်ပါပဲလို့ လေးလေးနက်နက်မှတ်ချက်ချမိခဲ့ပါ တယ်။ နိုင်ငံရေးလုပ်နေတဲ့ အနုပညာသမားတဦးရဲ့နှလုံးသားကို သူ့စာအုပ်ထဲမှာ ကျမတွေ့လိုက်ရလို့ပါ။ အဲဒီ ကာလရဲ့နိုင်ငံရေးအခြေအနေအရ အကျဉ်းကျခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတဦးရဲ့စာအုပ်ကို ပြည်ပမှာထုတ် ဝေတာမို့ ထောင်ထဲကသူ့အတွက်လည်း စိတ်ပူခဲ့ရပါသေးတယ်။

၂၀၁၁ ခုနှစ်မှာကျရောက်တဲ့ ကျမရဲ့နှစ်ပတ်လည်မွေးနေ့တခုမှာတော့ ကျမရဲ့တိုင်းပြည်ကကျမကို အကောင်း ဆုံးမွေးနေ့လက်ဆောင်တခုပေးခဲ့ပါတယ်။ မင်းကိုနိုင်အပါအ၀င် ယုံကြည်ချက်ကြောင့်အကျဉ်းကျနေတဲ့ ကျမရဲ့ သူငယ်ချင်းတော်များများ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကလွတ်လာကြလို့ပါ။ သူတို့အားလုံးလိုလိုဟာ ထောင် ဒါဏ် ၆၅နှစ်ကျခံထားရသူတွေပါ။ သူတို့တွေက သူတို့နေထိုင်ရာ ရန်ကုန်မြို့နဲ့ဝေးလံတဲ့ထောင်တွေမှာနေခဲ့ကြ ရတာမို့ နောက်တနေ့ သူတို့အိမ်ပြန်ရောက်ချိန်မှ ကျမကိုမင်းကိုနိုင်ဆီဖုန်းခေါ်ဖြစ်ပါတယ်။ ဖုန်းထဲက သူ့ရဲ့ “ဟလို” သံကိုကြားတော့ ကျမက တုန်ယင်နေတဲ့အသံနဲ့ “ ခက်မာပါ” လို့ပြောလိုက်ပါတယ်။ ကျမအသံကိုကြား ကြားချင်းသူပြန်ပြောတဲ့စကား ၃ လုံးထဲပါ။ “ ပြန်လာခဲ့” တဲ့။ အဲဒီစကား၃ လုံးကကျမနှလုံးသားကိုဒါးနဲ့မွှန်းလိုက် သလိုခံစားရစေခဲ့ပါတယ်။

၂၀၁၀နောက်ပိုင်းပြောင်းလဲလာတဲ့အပြောင်းအလဲတွေထဲမှာ စာပေလောကလည်းအနည်းငယ်ပြောင်းလဲလာ တာကြောင့် ထိုင်းမှာထုတ်ဝေခဲ့တဲ့သူ့ဝတ္တုကို ၂၀၁၂ ဇူလိုင်လမှာ မြန်မာပြည်တွင်းမှာထုတ်ဝေခွင့်ရခဲ့ပါတယ်။ စာအုပ်ဖြန့်ချီပြီးနောက်တနေ့မှာပဲ ဒါရိုက်တာတယောက်က သူ့ဝတ္တုကိုရုပ်ရှင်ရိုက်ဖို့ဝယ်ယူသွားခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ အမေရိကန်အခြေစိုက် NED အဖွဲ့ကပေးတဲ့ Democracy ဆုကိုသူရပါတယ်။ သူဆုလာယူရ မယ်ကြားတော့ သူနဲ့တွေ့ခွင့်ရတော့မယ်ဆိုပြီး ကျမပျော်ရွှင်မိပါတယ်။ ဒါပေမယ့်သူရောက်မလာပါဘူး။ သူ လျှောက်တဲ့နိုင်ငံကူးလက်မှတ်ရပေမယ့် သူနဲ့အတူလျှောက်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကိုကျတော့ နိုငံကူးလက်မှတ်မပေးလို့ပါတဲ့။ သူကအဲဒီလိုလူပါ။

သူကတော့ ၂၀၁၁ ခုနှစ်ထောင်ကလွတ်ကတည်းက မနားတမ်းအလုပ်တွေဆက်လုပ်နေပါတယ်။ စစ်ပွဲတွေဖြစ် နေတဲ့ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းကချင်ပြည်နယ်လည်းသူရောက်ခဲ့ပြီးပါပြီ။ ကမ္ဘာကပါအာရုံစိုက်လာရတဲ့ မြန်မာနိုင်ငံအနောက်ခြမ်းက လူမျိုးရေးပဋိပက္ခဖြစ်ရာတွေဆီလည်းသူရောက်ခဲ့ပါပြီ။ မြန်မာနိုင်ငံအောက်ပိုင်းက ရက်ရှည်ရေလွှမ်းမိုးလို့ အတိဒုက္ခရောက်နေသူတွေဆီလည်းရောက်ခဲ့ပြီးပါပြီ။ ကျမဒီစာကိုရေးနေစဉ်မှာ သူဟာ မြန်မာနိုင်ငံအလည်ပိုင်းမှာရှိနေပါတယ်။ နေ့စဉ်နဲ့အမျှသူဟာ သူ့နိုင်ငံနဲ့ သူ့ပြည်သူတွေအတွက် အလုပ်လုပ်နေ ပါတယ်။ တိုင်းပြည်တည်ဆောက်ရေးနဲ့ပတ်သက်ပြီး ပြည်သူတွေကိုသူပြောတဲ့စကားတွေကို ကျမတို့နေ့တိုင်း ကြားနေရပါတယ်။ သူ့အသံတွေကြားနေရတဲ့အတွက် ကျမပျော်ရွှင်အားတက်မိပါတယ်။

ပြည်သူတွေကိုသူပြောတဲ့စကားတွေထဲမှာ သူရေးတဲ့ကဗျာအပိုင်းအစလေးတွေနဲ့ စကားပြေစာသားလေးတွေ ရွတ်ပြတာကြားရတဲ့နေ့မျိုးမှာတော့ ကျမပိုပျော်ပါတယ်။ သူကစာရေးဆရာပါ၊ အနုပညာသမားပါ။

About the Author

Khet Mar is a staff writer at Sampsonia Way. A former writer-in-residence at City of Asylum/Pittsburgh, Khet Mar is a journalist, novelist, short story writer, poet, and essayist from Burma. She is the author of one novel, Wild Snowy Night, as well as several collections of short stories, essays and poems. Her work has been translated into English and Japanese, been broadcast on radio, and made into a film. In the fall of 2007, Mar was a visiting fellow at the International Writing Program at the University of Iowa.

View all articles by Khet Mar

Leave a Comment

comm comm comm

Fearless, Ink.