Kyaw Thu: The Handsome Actor, The Social Activist (Burmese Text)

by Khet Mar    /  March 7, 2013  / No comments

ကျော်သူ

ကျမမှတ်မိတာတော့ ၁၉၈၄ ရဲ့အဲဒီမနက်ခင်းမှာ နှင်းတွေဝေနေခဲ့ပါတယ်။ ဆယ်တန်းကျောင်းသူကျမက ဗိုလ် ချုပ်အောင်ဆန်းဈေးရှေ့ပလက်ဖောင်းပေါ်ကနေ အင်္ဂလိပ်စာကျူရှင်ကိုသွားနေတာ။ ပလက်ဖောင်းပေါ်မှာ ပြက္ခ ဒိန်ရောင်းတဲ့ဦးလေးကြီးတယောက် ဖြန့်ခင်းနေတဲ့ပြက္ခဒိန်တခုကြောင့် ကျမခြေလှမ်းတွေရပ်သွားပါတယ်။ ပြက္ခ ဒိန်ထဲကအမျိုးသားလေးက ဆံပင်အလယ်ခွဲနဲ့ဖြစ်ပြီး ဆရာဝန်ဝတ်စုံအဖြူလေးဝတ်ထားပါတယ်။ အဲဒီအမျိုးသား လေးရဲ့ရီဝေတဲ့မျက်လုံးတွေနဲ့ နှုတ်ခမ်းကိုတဖက်ထဲတွန့်ကွေးထားတဲ့အပြုံးဟာ ကျမကိုရင်ခုန်စေခဲ့ပါတယ်။ ကျမမှတ် မိသလောက်တော့ အမျိုးသားတယောက်ရဲ့ပုံကိုကြည့်ပြီးရင်ခုန်မိတာ အဲဒါပထမဆုံးပဲထင်ပါတယ်။ ပုံရဲ့အောက်ခြေကစာကို ကမန်းကတန်းဖတ်ကြည့်တော့ “ကျော်သူ” တဲ့။ အဲဒီပုံစံနဲ့ ကိုကျော်သူကို ကျမ စသိခဲ့တာပါ။

ကိုကျော်သူဟာ ၁၉၈၄-ခုနှစ်မှာ အနုပညာလောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ ၁၉၉၄-ခုနှစ်မှာ “တပြည်သူမရွှေထား” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဇာတ်ဆောင် အကယ်ဒမီဆုရရှိခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် မှာတော့ အမေ့နို့ဖို့ ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက် တာဆုရရှိခဲ့ပါတယ်။ ကိုကျော်သူဟာ ၂၀၀၇ ခုနှစ်အထိ သရုပ်ဆောင်အဖြစ် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်း ၂၀၀ ကျော်ရိုက်ကူးခဲ့သလို ဒါရိုက်တာအဖြစ် ရုပ်ရှင်ကား ၆ ကားရိုက်ကူးခဲ့ပါတယ်။

၂၀၀၁ ခုနှစ်မှာတော့ အကယ်ဒမီမင်းသားကျော်သူဟာ လူမှုရေးလုပ်ငန်းတွေကိုစတင်လုပ်ကိုင်ခဲ့ပါတယ်။ဆင်းရဲ သားလူတန်းစားတွေရဲ့ မိသားစုဝင်တွေကွယ်လွန်ချိန်မှာ မိသားစုဝင်တယောက်ဆုံးရှုံးရတဲ့ပူဆွေးဝမ်းနည်းမှုနဲ့ ဈာပနမြေကျဖို့ရာလိုအပ်တဲ့ကုန်ကျစရိတ်ဖိစီးမှု စတဲ့ဒုက္ခတွေကိုကူညီဖို့အတွက် နာရေးကူညီမှုအသင်းကိုစာရေး ဆရာ၊ ဒါရိုက်တာကြီးဆရာကြီးဦးသုခနဲ့ တွဲဖက်တည်တောင်ခဲ့ပါတယ်။ အခုအချိန်မှာကိုကျော်သူဟာ နာရေးကူ ညီမှုအသင်းရဲ့ဥက္ကဌအဖြစ်တာဝန်ယူနေပြီး သူတို့စတင်ပေးခဲ့တဲ့ လုပ်ငန်းရဲ့ရလာဘ်အဖြစ် မြန်မာနိုင်ငံမှာ အခမဲ့ နာရေးကူညီမှုအသင်းပေါင်း ၈၀ ကျော်ရှိလာပြီ ဖြစ်ပါတယ်။ နာရေးကူညီမှုအသင်းဟာ တနေ့ကို ရုပ်အလောင်း ၅၀ ခန့် အခမဲ့ သဂြိင်္ုဟ်ပေးခဲ့ပြီး ၂၀၀၁ ကနေဒီနေ့အထိ အခမဲ့သဂြိင်္ုဟ်ပေးခဲ့တဲ့ ရုပ်ကလာပ်ပေါင်း နှစ်သိန်းနီးပါး ရှိခဲ့ပြီ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်မှာတော့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဟာ သုခကုသိုလ်ဖြစ် ဆေးခန်းကိုပါတိုးချဲ့ဖွင့်လှစ်ခဲ့ပြီး စေတနာ့ဝန်ထမ်း ဆရာဝန် ၄၀ ဦးနဲ့ တနေ့ကို လူနာ၂၀၀ ဦးခန့် ကုသပေးနေလျက်ရှိနေပါတယ်။ အကယ်ဒမီ မင်းသားက လူမှုရေးလုပ်တာမို့ လူထုရဲ့အာရုံစိုက်မှုနဲ့ အားပေးမှုကိုအပြည့်အ၀ရခဲ့ပေမယ့် ကိုကျော်သူဦးဆောင် တဲ့အဖွဲ့ဟာ စစ်အစိုးရရဲ့နည်းမျိုးစုံနဲ့ အနှောက်အယှက်ပေးတာခံခဲ့ရပါတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဖြစ်ပွားချိန်မှာ ဦးဆောင်ပါဝင်သူသံဃာတော်တွေကိုဆွမ်းကပ်ကူညီခဲ့တဲ့ အတွက် ၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ကိုကျော်သူနဲ့ဇနီးကိုသက်ဆိုင်ရာကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ၈ရက်ကြာစစ်ဆေးမေးမြန်းထိမ်းသိမ်းထားပြီးနောက် ပြန်လွှတ်လိုက်ပေမယ့် ၂၀၀၇ အောက်တိုဘာလမှာထုတ် လုပ်တဲ့ ကိုကျော်သူရဲ့ HIV/ AIDS ပညာပေးရုပ်ရှင်ကို ပြသခွင့်ပိတ်ပင်ခဲ့ပါတယ်။ အဲဒီကတည်းက ကိုကျော်သူ ရဲ့ အနုပညာဆိုင်ရာအလုပ်အားလုံးကို လုပ်ကိုင်ခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။

“ရုပ်ရှင်သရုပ်ဆောင်တယောက်ကို ဘာရာဇ၀တ်မှုမှမလုပ်ပဲ ရုပ်ရှင်ရိုက်ခွင့် ပိတ်ပင်တယ်ဆိုတာ လူ့အခွင့် အရေး ချိုးဖောက်တာပဲလို့ ကျနော်မြင်တယ်။” လို့ ကိုကျော်သူက ဗီဒီယိုအင်တာဗျူးတခုမှာပြောခဲ့ပါတယ်။

ကျော်သူဟာ ငယ်ငယ်ကတည်းက ပန်းချီဝါသနာပါခဲ့သူဖြစ်ပြီး နွေရာသီပန်းချီသင်တန်းတွေတက်ရောက်ပြီး ပန်းချီပညာကိုသင်ယူခဲ့ပါတယ်။ အသက် ၅၀-ပြည့် ရွှေရတုမွေးနေ့အဖြစ် ၂၀၀၉-ခုနှစ်၊ နိုဝင်ဘာ ၂ ရက်နေ့ မှာ သူ့ရဲ့ အနုပညာလက်ရာတွေကို Kyaw Thu’s Art Zone တကိုယ်တော် ပန်းချီပြပွဲအဖြစ် သူ့နေအိမ်မှာခင်းကျင်း ပြသခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် မေလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ ကိုကျော်သူရဲ့ ပထမဆုံးပန်းချီပြပွဲကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြသခဲ့ပါတယ်။ အဲဒီပြပွဲမှာ ပန်းချီကား ၂၆ ကားတင်ပြခဲ့ပြီး အားလုံးလိုလို ဟာ မြန်မာနိုင်ငံတွင်းမှာ ပြသခွင့်မရခဲ့တဲ့ကားတွေဖြစ်ပါတယ်။

ကိုကျော်သူဟာ သူ့ရဲ့လူမှုရေးဆိုင်ရာဆောင်ရွက်မှုတွေကြောင့်၂၀၀၉-ခုနှစ်မှာ UK နိုင်ငံရောက် မြန်မာများက ချီးမြှင့်တဲ့ ပြည်သူ့ဘက်သားအနုပညာသမားဆု ၂၀၁၀-ခုနှစ်မှာ အမေရိကန်နိုင်ငံရောက်မြန်မာများကဦးစီးစီစဉ် ပေးအပ်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုနဲ့ ၂၀၁၂ ခုနှစ်မှာ အမေရိကန်အခြေစိုက် National Endowment for Democracy အဖွဲ့ကချီးမြှင့်တဲ့ Democracy Award ဆုတွေကိုချီးမြှင့်ခံခဲ့ရပါတယ်။

ကိုကျော်သူနဲ့ ကျမဟာ စာရေးဆရာနဲ့ သရုပ်ဆောင်အဖြစ် မြန်မာနိုင်ငံတွင်းက စာပေအနုပညာနဲ့ပတ်သက်တဲ့ပွဲ တွေမှာ မကြာခနဆုံခဲ့ဖူးပါတယ်။ ဒါပေမယ့် နီးစပ်ရင်းနှီးခွင့်မရခဲ့ပါဘူး။ ၂၀၁၂ ခုနှစ် မှာ National Endowment for Democracy အဖွဲ့ရဲ့ဆုကိုလက်ခံဖို့ သူရောက်လာချိန်မှာတော့ သူနဲ့ဆုံတွေ့ခွင့်ရခဲ့ပါပြီ။ ဟိုတုန်းကနှုတ်ခမ်း နီမလေးတွေကိုထိုးဖောက်တိုးဝှေ့ဖို့မတတ်နိုင်လို့ လူထုကြားစကားမပြောခွင့်ရခဲ့တဲ့ ကိုကျော်သူ့ဘေးမှာ ခုတော့ သူ့ရဲ့နိုင်ငံရေးလူမှုရေးခံယူချက်နဲ့ လုပ်ရပ်တွေအပေါ်လေးစားဂုဏ်ယူသူတွေသာ ၀ိုင်းနေပါတော့တယ်။

“ မြန်မာနိုင်ငံမှာ နာရေးကူညီမှုလုပ်ငန်းတွေကို ဒီထက်ပိုပြီးထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ ကျနော် အမေ ရိကားရောက်တုန်း သင်္ချိုင်းကုန်းတွေကို လိုက်လေ့လာနေတယ်ဗျ။ ဘယ်အစိုးရတက်တက် ကျနော်က မသာပဲ ချနေမှာလေ။” လို့ သူကပြောခဲ့ပါတယ်။
၂၀၁၂ နှစ်ကုန်ပိုင်းမှာ National Endowment for Democracy အဖွဲ့ရဲ့ဆုကိုလက်ခံဖို့ ကိုကျော်သူအမေရိ ကား ရောက်နေချိန်မှာ ဦးသိန်းစိန်အစိုးရက ကိုကျော်သူကိုရုပ်ရှင်ပြန်ရိုက်ကူးခွင့်ပြုပြီဆိုတဲ့သတင်းကို ကိုကျော် သူကြားခဲ့ပါတယ်။

“ ခုအချိန်မှာ ကျနော့်ကိုရုပ်ရှင်ပြန်ရိုက်ခွင့်ပြုတာတော့ဟုတ်ပါပြီ။ ၂၀၀၇ ကနေ ၂၀၁၂ ထိ ၅နှစ်လုံးလုံး ကျနော် ရုပ်ရှင်ခွင့်ပိတ်ပင်ခံခဲ့ရတဲ့ ကျနော့်ရဲ့နစ်နာမှုကိုရော သူတို့ ဘယ်လိုစဉ်းစားပေးမှာလဲ ကျနော်သိချင်တယ်” ရုပ်ရှင်ပြန်လည်ရိုက်ကူးခွင့်ပြုကြောင်းသတင်းကြားကြားခြင်းမှာ သူကပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်။

အဲဒီမေးခွန်းရဲ့အဖြေကို သူနဲ့အတူ သူ့ပရိသတ်အားလုံးကလည်းသိချင်နေလိမ့်မယ်လို့ ကျမထင်ပါတယ်။

About the Author

Khet Mar is a staff writer at Sampsonia Way. A former writer-in-residence at City of Asylum/Pittsburgh, Khet Mar is a journalist, novelist, short story writer, poet, and essayist from Burma. She is the author of one novel, Wild Snowy Night, as well as several collections of short stories, essays and poems. Her work has been translated into English and Japanese, been broadcast on radio, and made into a film. In the fall of 2007, Mar was a visiting fellow at the International Writing Program at the University of Iowa.

View all articles by Khet Mar

Leave a Comment

comm comm comm